ငွေကြေးစီမံခန့်ခွဲမှု
ကိုယ်ပိုင်ငွေစီမံခြင်း
သင့်ကိုယ်ပိုင်ငွေကို စီမံရန် သင့်တွင် တာဝန်ရှိသည်။ အလွန်အကျွံသုံးစွဲခြင်းမှ ကင်းဝေးရန် ဘက်ဂျက် ထားသင့်သည်။ ဘက်ဂျက်ထားပုံ လေ့လာခြင်းသည် အရေးကြီးသော အရည်အသွေးဖြစ်သည်။ ဘက်ဂျက်ထားရန် သင့် လစဉ်ဝင်ငွေ၊ အိမ်ငှားခ၊ အသုံးအဆောင်၊ ဟင်းချက်စရာစသော အသုံးစရိတ် များကို သိရန် လိုသည်။ ဘက်ဂျက်အတွက် သင့်မိသားစုလိုချင်တာနှင့် သင့်မိသားစုလိုအပ်တာ ခွဲခြားသိရမည်။ အချို့ လိုချင်သည့်ပစ္စည်းများသည် ဈေးကြီးပြီး မလိုအပ်ဖြစ်တတ်သည်။ အခြေကျရေး အေဂျင်စီမှ ဝန်ထမ်းသည် သင့်အတွက် ဘက်ဂျက် လုပ်ပေးလိမ့်မည်။
အမေရိကန်ပြည်ထောင်စုတွင် ပိုက်ဆံထားရန် အလုံခြုံဆုံးနေရာမှာ ဥပဒေအရ အာမခံထားသော ဘဏ်များ ဖြစ်သည်။ ဘဏ်အမျိုးမျိုး ရှိသည်။ အခြေကျရေးအေဂျင်စီသည် သင့်အတွက် အကောင်းဆုံးဘဏ်ကို ရှာပေးလိမ့်မည်။ သင့်တွင် ငွေကြေးနှင့် ပတ်သက်၍ ယဉ်ကျေးမှုဆိုင်ရာ သို့ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်ရှိပါက (ဥပမာ အတိုးပေးရ ယူရသည်ကို မှားသည်ဟု ယူဆလျှင်) သင့်ယုံကြည်ချက်များနှင့် ကိုက်ညီသော ဘဏ်ကို ရှာသင့်သည်။
ATM သုံးခြင်း သို့ ချက်လက်မှတ်ရေးခြင်းဖြင့် ဘဏ်အကောင့်ထဲသို့ ပိုက်ဆံထည့်နည်းနှင့် ပိုက်ဆံထုတ်နည်းကို နားလည်သင့်သည်။ ဘဏ်တစ်ခုတွင် ပိုက်ဆံကို ငွေသွင်းအကောင့် သို့ ငွေစုဘဏ်အကောင့် နှစ်ခုလုံးတွင် စုနိုင်သည်။ ငွေသွင်းအကောင့် များသည် ပိုက်ဆံထည့်ပြီး ချက်လက်မှတ်နှင့် ATM ကတ်များဖြင့် ထုတ်ရန် အဆင်ပြေသည်။ ငွေစုဘဏ်အကောင့်သည် လောလောဆယ် မလိုအပ်သေးသော ပိုက်ဆံများကို စုဖို့ အဆင်ပြေသည်။ အစပိုင်းတွင် သင်သည် ငွေသွင်းအကောင့်ကို လိုဦးမည်။ နောက်ပိုင်းတွင် ငွေစစုနိုင်လာပါက ငွေသွင်းအကောင့်နှင့် ငွေစုဘဏ်အကောင့် နှစ်ခုလုံး လိုအပ်မည်။
အကြွေးစနစ်သုံးပါက သင်ချေးသော ပမာဏပေါ် မူတည်၍ အတိုးပေးရမည်။ အကြွေးတွင် နာမည်ကောင်းရရန် လစဉ် ပုံမှန်ဆပ်ပါ။ ခရီးသွား ချေးငွေကို ပုံမှန်ဆပ်ခြင်းဖြင့် အမေရိကန် ပြည်ထောင်စုတွင် သင့်နာမည်ကောင်းကို စတင်တည်ဆောက်ရန် အခွင့်အရေးဖြစ်သည်။
တိုက်ရိုက်ပိုက်ဆံထည့်ခြင်း
အလုပ်ရှင်တော်တော်များများသည် အလုပ်သမား၏ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ထည့်တတ်သည်။ သင့်ငွေကို ချက်လက်မှတ်အဖြစ် မပေးဘဲ ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ထည့်ပေးသည်။ တိုက်ရိုက်ထည့်ခြင်းဖြင့် အကျိုးများစွာ ရှိသည်။ ချက်လက်မှတ် မပျောက်ဆုံးနိုင်တော့။ မည်သူမျှ ခိုးယူပြီး လက်မှတ်တုနှင့် သွားမထုတ်နိုင်တော့။ လစာပေးသည့်နေ့တွင် သင်အလုပ်မှာ မရှိလျှင်ပင် လစာ ရမည်။ သင့်ချက်လက်မှတ်ကို အကောင့်ထဲ ထည့်ရန် ဘဏ်သို့ တကူးတက သွားစရာ မလိုတော့ပေ။ နောက်ဆုံးတွင် သင့်ငွေသည် သင့်အကောင့်ထဲ ရောက်နေမည်။ သင့်အကောင့်ထဲ ရောက်ရန် တစ်ရက် နှစ်ရက် ကြာတတ်သည်။