Medicaid နှင့် CHIP သို့ အပြောင်းအလဲများလုပ်ခြင်း၊ အသစ်ရောက်သူများအတွက် လမ်းညွှန်
၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် Medicaid နှင့် ကလေးများ ကျန်းမာရေးအာမခံအစီအစဉ် (CHIP) အတွက် ဖက်ဒရယ် ငွေကြေးထောက်ပံ့ရေး စည်းမျဉ်းများ ပြောင်းလဲခဲ့သည်။ ထိုအပြောင်းအလဲများသည် အမေရိကန်ပြည်ထောင်စုသို့ရောက်လာသည့် တချို့လူသစ်များအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ သင့်ကျန်းမာရေးအာမခံသည် ပြောင်းလဲမည် သို့မဟုတ် ရပ်ဆိုင်းမည်ဟုဖော်ပြထားသည့် တရားဝင်အသိပေးစာကို သင်လက်ခံရရှိနိုင်ပါသည်။
သင်သည် ကျန်းမာရေးအာမခံ သို့မဟုတ် စျေးနှုန်းသက်သာသော ကျန်းမာရေးပြုစုစောင့်ရှောက်မှုများအတွက် ရွေးချယ်စရာများ ရှိနေနိုင်ပါသေးသည်။ သို့သော် သင့်ရွေးချယ်ခွင့်များသည် သင်၏နိုင်ငံတွင်းနေထိုင်ခွင့်အခြေအနေ၊ ဝင်ငွေ၊ အသက်၊ ကိုယ်ဝန်ဆောင်ခြင်း၊ အိမ်ထောင်စုအရွယ်အစားနှင့် သင်နေထိုင်သော ပြည်နယ်ပေါ် မူတည်ပါသည်။ ဤ Settle In လမ်းညွှန်တွင် ဘာတွေပြောင်းလဲသွားသလဲ၊ အခြားအာမခံအစီအစဉ်များ သို့မဟုတ် စျေးနိမ့်သည့်ကျန်းမာရေးပြုစုစောင့်ရှောက်မှု ရနိုင်မလားနှင့် ယခု သင်ဘာလုပ်နိုင်သလဲ ဆိုတာကို ရှင်းပြထားသည်။
အရေးကြီးအချက်- ယခုဆောင်းပါးကြောင့် သင်၏လက်ရှိ ကျန်းမာရေးအာမခံကို ဖဖျက်လိုက်ပါနှင့်။ သင်၏ ပြည်နည် Medicaid သို့မဟုတ် CHIP ပရိုဂရမ်မှ သင့်ကိုပေးပို့မည့် တရားဝင်အကြောင်းကြားစာကို စောင့်ပါ။ သင်သည် ယခုအကြောင်းကြားစာကို နားမလည်ပါက ယုံကြည်စိတ်ချရသော ကျန်းမာရေးအာမခံ လမ်းညွှန်ပေးသူတစ်ဦးကို မေးပါ သို့မဟုတ် ၎င်းကို သင်နှင့်အတူပြန်သုံးသပ်ရန်အတွက် နေရာပြန်လည်ချထားပေးသူတစ်ဦးကို မေးပါ။ စည်းမျဉ်းများသည် ပြည်နယ်နှင့် တစ်ဦးချင်းစီ၏ အခြေအနေများအလိုက် ကွဲပြားသည်။
Medicaid နှင့် CHIP က ဘာတွေလဲ။
- Medicaid သည် ဝင်ငွေနည်းသော လူများအတွက် အခမဲ့ သို့မဟုတ် စျေးနှုန်းသက်သာသော ကျန်းမာရေးအာမခံကို ပံ့ပိုးပေးသည့် အစိုးရအစီအစဉ်တစ်ခုဖြစ်သည်
- CHIP သည် အရည်အချင်းပြည့်မီသည့် ကလေးငယ်များနှင့် တချို့ပြည်နယ်များတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးအာမခံကို အခမဲ့ သို့မဟုတ် စရိတ်နည်းသည့် ကျန်းမာရေးအာမခံကို ပံ့ပိုးပေးထားသည့် အစိုးရအစီအစဉ်တစ်ခုဖြစ်သည်။
ဘာတွေပြောင်းလဲထားသလဲ။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ဖက်ဒရယ်အစိုးရ၏ Medicaid နှင့် CHIP အပြည့်အဝအာမခံအတွက် ငွေကြေးထောက်ပံ့မှုကို နိုင်ငံဝင်ခွင့်အမျိုးအစားအနည်းငယ်အတွက် ကန့်သတ်ထားသည်။ ဤပြောင်းလဲမှုသည် ဒုက္ခသည်များ၊ နိုင်ငံကာကွယ်ခွင့်ရသူများ၊ လူကုန်ကူးမှုတွင် ရှင်ကျန်ခဲ့သူများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ခွင့်ပြုချက်ရသူများအပါအဝင် အချို့သောသူများအား ထိခိုက်သက်ရောက်နိုင်ပါသည်။
အရည်အချင်းပြည့်မီမှုခြုံငုံသုံးသပ်ချက်
| လူဝင်မှုကြီးကြပ်ရေး အခန်းကဏ္ဍ | ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်နောက်ပိုင်း ဖက်ဒရယ်အစိုးရထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် Medicaid သို့မဟုတ် CHIP အာမခံအစီအစဉ်များတွင် ဘာတွေဖြစ်ပေါ်နိုင်သလဲ။ |
| တရားဝင်အမြဲတမ်း နေထိုင်ခွင့်ရှိသူများ (အစိမ်းရောင်ကတ်ကိုင်ထားသူများ)သည် ထိုအစီအစဉ်၏ တခြားစည်းမျဉ်းများနှင့် ကိုက်ညီလျှင် | အရည်အချင်းဆက်လက်ပြည့်မီဆဲဖြစ်နိုင်သည် |
| တရားဝင်နေထိုင်ခွင့်ရသူ ကျူးဘားလူမျိုးများနှင့် ဟေတီလူမျိုးများသည် ထိုအစီအစဉ်၏ တခြားစည်းမျဉ်းများနှင့် ကိုက်ညီလျှင် | အရည်အချင်းဆက်လက်ပြည့်မီဆဲဖြစ်နိုင်သည် |
| အထူးနေထိုင်ခွင့်ရထားသူ အီရတ်နှင့် အာဖဂန်လူမျိုးများသည် ထိုအစီအစဉ်၏ တခြားစည်းမျဉ်းများနှင့် ကိုက်ညီလျှင် | တရားဝင် အမြဲတမ်း နေထိုင်ခွင့်ရှိသူများအဖြစ် သို့မဟုတ် အခြားအရည်အချင်းပြည့်မည့် အမျိုးအစားတစ်ခုမှတဆင့် ဆက်လက်အရည်အချင်းပြည့်မီနိုင်ပါသည်။ |
| ဒုက္ခသည်များ၊ နိုင်ငံတွင်းအကာအကွယ်ရသူများ၊ လူကုန်ကူးမှုမှ ကယ်တင်ခံရသူအချို့၊ လူသားချင်းစာနာမှုဆိုင်ရာ ခွင့်ပြုချက်ရသူအချို့နှင့် တခြားအရည်အချင်းပြည့်မီသည့်အခြေအနေမရထားသည့် အသစ်ဝင်ရောက်လာသူများသည် | ဖက်ဒရယ်အစိုးရထောက်ပံ့ငွေဖြင့် ပံ့ပိုးထားသည့် Medicaid သို့မဟုတ် CHIP အပြည့်အဝအာမခံကို နောက်ထပ်ရရှိနိုင်တော့မည် မဟုတ်ပါ။ |
ဤဇယားမှာ ယေဘုယျလမ်းညွှန်တစ်ခုသာဖြစ်ပါသည်။ ကလေးများနှင့် ကိုယ်ဝန်ဆောင်သူများသည် ကလေးကျန်းမာရေးအာမခံအစီအစဉ် ပြန်လည်အတည်ပြုခြင်းဥပဒေ ပုဒ်မ ၂၁၄ (CHIPRA 214 ဟုလည်းသိကြသည်) အောက်ရှိ အထူးရွေးချယ်ခွင့်ကို အသုံးပြုသည့် ပြည်နယ်များတွင် ဆက်လက်အရည်အချင်းပြည့်မီနိုင်ပါသည်။ တချို့သောပြည်နယ်များသည် ၎င်းတို့ကိုယ်ပိုင်ကျန်းမာရေးအစီအစဉ်များအတွက် ပေးချေကြသည်။ သင့်ပြည်နယ် Medicaid သို့မဟုတ် CHIP အေဂျင်စီသည် သင်၏ကျန်းမာရေးအာမခံကို မပြောင်းလဲမိ သင်၏အမှုကိစ္စကို ပြန်လည်သုံးသပ်ရမည်။
နောက်ပိုင်းတွင် သင် တရားဝင် အမြဲတမ်း နေထိုင်ခွင့် ရရှိလာပါက သင်၏အရည်အချင်းပြည့်မိမှုကို ထပ်မံစစ်ဆေးပေးရန် အကျိုးခံစားခွင့်များဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကို တောင်းဆိုပါ။ တချို့ နိုင်ငံတွင်းနေထိုင်ခွင့်ရသူများသည် နောက်ပိုင်းတွင် တရားဝင်အမြဲတမ်းနေထိုင်ခွင့်ရသူများဖြစ်လာလျှင် ပုံမှန် Medicaid သို့မဟုတ် CHIP အပြည့်အဝအာမခံအတွက် စောင့်ဆိုင်းရသည့် ငါးနှစ်တာကာလ မှ ကင်းလွတ်ခွင့်ရနေဦးမှာဖြစ်ပါသည်။ အခြားအဖွဲ့များလည်း အခွင့်အရေးကင်းလွတ်ခွင့်ရရှိနိုင်ပါသည်။
ကျွန်ုပ် ယခုဘာလုပ်သင့်လဲ။
- Medicaid၊ CHIP သို့မဟုတ် သင့်ကျန်းမာရေးအာမခံအစီအစဉ်မှ ပေးပို့လာသော စာတိုင်းကို ဖွင့်ဖတ်ပါ။ နောက်ဆုံးသတ်မှတ်ရက်ကိုရှာပါ သို့မဟုတ် စာရွက်စာတမ်းများတောင်းဆိုထားလားရှာပါ။
- သင့်ပြည်နယ် Medicaid သို့မဟုတ် CHIP အေဂျင်စီတွင် သင့်လက်ရှိလိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ မှန်ကန်စွာ မှတ်ပုံတင်ထားကြောင်း သေချာစေပါ။ သင်နေရာပြောင်းခဲ့ပါက သင့်အချက်အလက်များကို ချက်ချင်း အပ်ဒိတ်လုပ်ပါ။
- တောင်းဆိုထားသော စာရွက်စာတမ်းများကို နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ပေးပို့ပါ။ သင်တင်သွင်းသည့် စာရွက်စာတမ်းတိုင်း၏ မိတ္တူတစ်စောင် သို့မဟုတ် ဓာတ်ပုံတစ်ပုံကို သိမ်းဆည်းထားပါ။
- အခမဲ့ပေးသည့်အကူအညီတောင်းဆိုပါ။ သင်၏နေရာပြန်လည်ချထားရေးပံ့ပိုးပေးသူ၊ အမှုတွဲကိုင်သူ၊ state Medicaid သို့မဟုတ် CHIP ရုံး သို့မဟုတ် ကျန်းမာရေးအာမခံနည်းပေးလမ်းညွှန်သူကိုဆက်သွယ်ပြီး လမ်းညွှန်ချက်တောင်းခံပါ။
- အာမခံကို ရပ်ဆိုင်းကြောင်း အသိပေးချက်ကို လျစ်လျူမရှုပါနှင့်။ သင်၏အာမခံ ပြီးဆုံးရသည့်အကြောင်း၊ ၎င်းပြီးဆုံးမည့်အချိန်နှင့် ထိုဆုံးဖြတ်ချက်ကို သင်အယူခံဝင်နိုင်ခွင့်ရှိမရှိကို သိရှိရန်အတွက် သင်၏ပြည်နယ် Medicaid သို့မဟုတ် CHIP ကို ဆက်သွယ်ပါ။
- ဆေးဝါးများနှင့် ဆက်လက်လုပ်ဆောင်ရမည့်ကျန်းမာရေးစောင့်ရှောက်မှုအတွက် စီစဉ်ပါ။ သင်သည် ဆေးဝါးများကို ပုံမှန်သောက်ယူနေသူ သို့မဟုတ် ဆက်လက်စောင့်ရှောက်မှုလိုအပ်သူဖြစ်ပါက သင့်အာမခံအစီအစဉ် မပြောင်းလဲမီ သင်၏ကျန်းမာရေးပြုစုစောင့်ရှောက်သူကို ဆက်သွယ်ပြီး သင်လိုအပ်နိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း၊ သင်၏ဆေးဝါးများကို ရက် ၉၀ စာရယူခွင့်ရှိမရှိနှင့် နောက်ပိုင်းတွင် ပြုစုစောင့်ရှောက်မှုကို မည်ကဲ့သို့ဆက်လက်ရယူနိုင်မည့်အကြောင်းကို မေးမြန်းပါ။
- အခမဲ့ သို့မဟုတ် စရိတ်နည်းကျန်းမာရေးပြုစုစောင့်ရှောက်မှုကို ရှာဖွေခြင်း။ အနီးဆုံး HRSA Find a Health Center ကိရိယာကို အသုံးပြု၍ အနီးဆုံး လူထုကျန်းမာရေးစင်တာကိုရှာဖွေပါ သို့မဟုတ် အခမဲ့ သို့မဟုတ် အလှူဒါန ဆေးခန်း ရှာဖွေရန် National Association of Free & Charitable Clinics ၏ Find a Clinic ကိရိယာကို အသုံးပြုပါ။
- သင့်လက်ရှိကျန်းမာရေးအာမခံကာကွယ်မှု သက်တမ်းမကုန်ဆုံးမီ နောက်ထပ်ကျန်းမာရေးအာမခံအစီအစဉ်တစ်ခုအတွက် လျှောက်ထားပါ။ Medicaid သို့မဟုတ် CHIP ကိုဆုံးရှုံးခြင်းကြောင့် သင်သည် Marketplace အစီအစဉ် (HealthCare.gov သို့မဟုတ် သင့်ပြည်နယ်၏ Marketplace ဝက်ဘ်ဆိုက်မှတစ်ဆင့် ရရှိနိုင်သည့် ပြည်သူ့ကျန်းမာရေးအာမခံ) သို့မဟုတ် ပုံမှန်စာရင်းသွင်းကာလပြင်ပရှိ အခြားကျန်းမာရေးအာမခံအစီအစဉ်တစ်ခုတွင် စာရင်းသွင်းခွင့်ရနိုင်သည်။ အာမခံကာကွယ်မှု ဆက်လက်ခံထားနိုင်ရန် အမြန်ဆုံး လျှောက်ထားပါ။
- စောင့်ဆိုင်းနေသည့် နိုင်ငံဝင်လျှောက်လွှာများအားလုံးကို စစ်ဆေးပါ။ သင်သည် အစိမ်းရောင်ကတ်အတွက် လျှောက်ထားပြီးသားဖြစ်ပါက သို့မဟုတ် လျှောက်ထားခွင့်ရနိုင်ပါက သင်၏ ကျန်းမာရေးအာမခံအဆုံးသတ်ခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးရန် သင့်ရှေ့နေထံ ဆက်သွယ်ပါ သို့မဟုတ် ဥပဒေရေးရာ ဝန်ဆောင်မှုပေးသူ ကို ဆက်သွယ်ပါ။