ယခုမှရောက်လာသူတစ်ဦးအတွက် U.S ရှိ မသန်စွမ်းဆိုင်ရာခံစားခွင့်များနှင့် ပံ့ပိုးကူညီမှုဆိုင်ရာ လမ်းညွှန်
မသန်စွမ်းသူများအတွက် ဝန်ဆောင်မှုများစွာ ရရှိနိုင်သော်လည်း ထိုဝန်ဆောင်မှုများ ရှိကြောင်း သို့မဟုတ် မည်သို့ ရှာဖွေ အသုံးပြုရမည်ကို သင် မသိနိုင်ပါ။ သင့်တွင် အောက်ပါကဲ့သို့သော မေးခွန်းများ ရှိနိုင်ပါသည်-
- ကျွန်ုပ်၏ မသန်စွမ်းမှုကို မျှဝေခြင်းက ကျွန်ုပ်၏ နိုင်ငံဝင်ခွင့်အခြေအနေကို ထိခိုက်စေပါသလား။
- ဝန်ဆောင်မှုများ ဝင်ရောက်အသုံးပြုရာတွင် အကူအညီကို ဘယ်မှာရယူနိုင်ပါသလဲ။
- ကျွန်ုပ်၏အခွင့်အရေးများက ဘာများဖြစ်မလဲ။
- ကျွန်ုပ် အကူအညီ တောင်းလို့ရပါသလား။
- တကယ်လို့ ကျွန်ုပ်က အင်္ဂလိပ်စကားကို ကောင်းစွာ မပြောနိုင်ခဲ့ရင်ရော ဘယ်လိုဖြစ်မလဲ။
- လူတွေက ကျွန်ုပ်ရဲ့လိုအပ်ချက်တွေကို နားလည်မှာလား။
သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒုက္ခသည်များနှင့် မသန်စွမ်းသူအသစ်များစွာသည် အသစ်အဖွဲ့အစည်းများတွင် နေထိုင်ရာတွင်နှင့် အမေရိကန်ပြည်ထောင်စုရှိ စနစ်များ ဘယ်လို လည်ပတ်သည်ကို သင်ယူရာတွင် တူညီသော မေးခွန်းများနှင့် ရင်ဆိုင်ကြရသည်။
မသန်စွမ်းမှုကို နားလည်ခြင်း
အမေရိကန်ပြည်ထောင်စုတွင် မသန်စွမ်းမှုကို တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် ဘဝ၏အဓိကလုပ်ဆောင်မှုများကို ကြီးကြီးမားမားအကန့်အသတ်ဖြစ်စေသည့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုအဖြစ် ဥပဒေအရ သတ်မှတ်ထားသည်။
လူများသည် မသန်စွမ်းမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ကြုံတွေ့ကြသည်။ တချို့သော မသန်စွမ်းမှုများကို သိသာစွာမြင်နိုင်ပြီး တချို့ကိုမူ ထိုသို့မြင်နိုင်ခြင်းမရှိပါ။
မသန်စွမ်းဖြစ်နေသည့်လူတစ်ယောက်သည် လမ်းလျှောက်ရခက်ခြင်း၊ အကြားအာရုံချို့တဲ့ခြင်း သို့မဟုတ် အမြင်အာရုံချို့တဲ့ခြင်းတို့ ဖြစ်နိုင်ပါသည်။ သို့မဟုတ် သူတို့သည် နာကျင်မှုကို ကြာရှည်စွာခံစားရခြင်း၊ မသန်စွမ်းမှုများကို လေ့လာသင်ယူရခြင်း၊ မှတ်ဉာဏ်ပိုင်တွင် အခက်အခဲများကြုံရခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုတွင် မသန်စွမ်းမှုများဖြစ်ခြင်း၊ စိတ်ကျန်းမာရေးချို့တဲ့ခြင်း သို့မဟုတ် တခြားသော ကျန်းမာရေးကိစ္စရပ်များကို ကြုံတွေ့ခံစားရနိုင်ပါသည်။
တချို့သောလူများကို မသန်စွမ်းများအဖြစ် သတ်မှတ်ဖော်ထုတ်ထားပါသည်။ တချို့လူများမှာမူ သူတို့၏မသန်စွမ်းမှုကို မည်သို့လက်ခံစဉ်းစားရမည်ကို လေ့လာသင်ယူနေကြဆဲဖြစ်ပြီး တချို့မှာမူ သူတို့၏ ကိုယ်ရေးကိုယ်တာ၊ ယဉ်ကျေးမှု သို့မဟုတ် ဘာသာရေးဆိုင်ရာယုံကြည်မှုများကြောင့် ထိုအသုံးအနှုန်းကို အသုံးမပြုကြပါ။
သင်၏အခွင့်အရေးများကို သိရှိနားလည်ခြင်း
အမေရိကန်ပြည်ထောင်စုတွင် အမေရိကန် မသန်စွမ်းသူများဆိုင်ရာ အက်ဥပဒေ (ADA)နှင့် တခြားသော ပြည်နယ်နှင့် ဗဟိုအစိုးရဥပဒေများသည် ကျောင်း၊ အလုပ်၊ နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ အပါအဝင် နေရာအတော်များများတွင် မသန်စွမ်းသူများကို ခွဲခြားဆက်ဆံခြင်းများ မခံရစေရန် အကာအကွယ်ပေးထားသည်။ ဤဥပဒေအရ မသန်စွမ်းသူများသည် အလုပ်အကိုင်များလျှောက်ထားခွင့်၊ ကျောင်းတက်ခွင့်နှင့် လူ့အဖွဲ့အစည်းများတွင် ပါဝင်ခွင့်များရှိပါသည်။
အမေရိကန်ပြည်ထောင်စုအတွင်းရှိ မသန်စွမ်းများသည် နိုင်ငံတွင်းနေထိုင်ခွင့်အခြေအနေ မည်သို့ပင်ရှိစေကာမူ ကူညီပံ့ပိုးမှုရယူခွင့် သို့မဟုတ် အဆင်ပြေရန်ညှိနှိုင်းလုပ်ဆောင်ပေးမှုအတွက် အရည်အချင်းပြည့်မီပါသည်။ အဖွဲ့အစည်းအများစုနှင့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုများသည် မသန်စွမ်းသူများအတွက် သင့်တော်သည့်အဆင်ပြေစွာစီမံမှုများနှင့် တူညီစွာအသုံးပြုခွင့်များကို ပံ့ပိုးပေးထားရမည်။ ထိုအထဲတွင် အောက်ပါတို့ပါဝင်သည်-
- စကားပြန် ဝန်ဆောင်မှုများ
- ဘီးတပ်ထိုင်ခုံဖြင့် ဝင်ထွက်သွားလာနိုင်ခွင့်
- စာလုံးကြီးများဖြင့် ရိုက်နှိပ်ထားသော စာရွက်စာတမ်းများ
- စစ်ဆေးမှုများ သို့မဟုတ် တွေ့ဆုံချိန်းဆိုမှုများအတွက် ထပ်ဆောင်းအချိန်
- ဝင်ရောက်ရလွယ်သော ဝင်ပေါက်များ
- ကူညီပံ့ပိုးပေးသည့် တိရစ္ဆာန် ဝင်ရောက်နိုင်ခွင့်
- အဆောက်အအုံတစ်လျှောက်လုံးတွင် ရှင်းလင်းပြတ်သားသော ဝင်ရောက်အသုံးပြုနိုင်မှု သင်္ကေတများ တပ်ဆင်ပေးထားခြင်း
- မှတ်ချက်- ယခုမှအသစ်ရောက်လာသည့် မသန်စွမ်းသူများသည် အမေရိကန်နိုင်ငံသားဖြစ်ရေးလုပ်ငန်းစဉ်အတွင်း အဆင်ပြေစေရန် စီမံပံ့ပိုးမှုများ သို့မဟုတ် ကင်းလွတ်ခွင့်များ ရယူခွင့်ရှိနိုင်သည်
တွေ့ဆုံချိန် သို့မဟုတ် အစည်းအဝေးအတွင်း သတင်းအချက်အလက် မရှင်းလင်းပါက သင့်တွင် မေးခွန်းမေးခွင့်ရှိပါသည်။
အကူအညီနှင့် ထောက်ပံ့မှုများကို တောင်းဆိုခြင်း
အဆင်ပြေစေရန် စီမံပေးခြင်းဆိုသည်မှာ လူတစ်ဦးအား နေ့စဉ်ဘဝတွင် ပိုမိုပြည့်စုံစွာ ပါဝင်နိုင်ရန် ကူညီပံ့ပိုးပေးသည့် ပြောင်းလဲမှုတစ်ခု သို့မဟုတ် ထောက်ပံ့မှုတစ်ခုဖြစ်သည်။ မသန်စွမ်းသူအမျိုးမျိုးအတွက် အဆင်ပြေသင့်တော်သည့်ထိုင်ခုံနေရာပေးခြင်း၊ စာရေးသားညွှန်ကြားချက်များ၊ တိတ်ဆိတ်သောအခန်း သို့မဟုတ် ဆေးဘက်ဆိုင်ရာချိန်းဆိုမှုများအတွက် အလုပ်မှ အနားယူခွင့်ကဲ့သို့သော မတူညီသည့် စီမံမှုများကို အဆင်ပြေစွာစီစဉ်ပေးရန် လိုအပ်နိုင်ပါသည်။
အကယ်၍ သင်သည် ယခင်က မသန်စွမ်းမှုဆိုင်ရာ ကူညီပံ့ပိုးမှုများကို မည်သည့်အခါမျှ မရထားဖူးလျှင် သို့မဟုတ် သင်လာခဲ့သည့် နေရာဟောင်းတွင် မသန်စွမ်းမှုနှင့် စိတ်ကျန်းမာရေးကို ပွင့်လင်းစွာဆွေးနွေးတိုင်ပင်ခြင်းမရှိခဲ့လျှင် သင်သည် အကူအညီတောင်းခံရာတွင်လည်းကောင်း သင်၏လိုအပ်ချက်များအကြောင်း ပြောဆိုရာတွင်လည်းကောင်း စိတ်မသက်မသာခံစားရနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စုတွင် ကူညီပံ့ပိုးမှုတောင်းခံခြင်းသည် ပြုလုပ်နေကြအရာဖြစ်ပြီး လက်သင့်ခံကြပါသည်။ သင့်လိုအပ်သည့် အထောက်အကူများကို ရယူရန် မေးမြန်းခြင်း သို့မဟုတ် ဖွင့်ဟပြောဆိုခြင်းများ လိုအပ်နိုင်ပါသည်။ သင်ပြောနိုင်မည့် ဥပမာအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- "ကျွန်ုပ်သည် ဘီးတပ်ထိုင်ခုံကို အသုံးပြုပါသည်။ ကျွန်ုပ် အသုံးပြုနိုင်မည့် ဝင်ပေါက် ရှိပါသလား။"
- "ကျွန်ုပ် ကောင်းကောင်းမမြင်ရပါ။ ဒါထက် ပိုကြီးတဲ့စာသားများ ရှိပါသလား။"
ယခုမှအသစ်ရောက်လာသူအများစုသည် သူတို့နှစ်သက်ရာ ဘာသာစကားဖြင့် သတင်းအချက်အလက် ရယူရတာ ပိုမိုနှစ်သက်ကြပါသည်။ အခြေအနေအများစုတွင် သင်သည် အရေးကြီးသည့် သတင်းအချက်အလက်များကို သင်နှစ်သက်သည့် စကားဖြင့်ပြောဆိုခြင်း သို့မဟုတ် စာဖြင့်ရေးသားထားခြင်းတို့ကို ရယူပိုင်ခွင့်ရှိပါသည်။ ကျန်းမာရေးဝန်ဆောင်မှုပေးသူများ၊ ကျောင်းများနှင့် အစိုးရရုံးများသည် စကားပြန်သူများ သို့မဟုတ် ဘာသာစကားအထောက်အပံ့ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ပါသည်။
သင်သည် နားမကြားသူ သို့မဟုတ် နားကြားရန်အခက်အခဲရှိသူဖြစ်ပါက လက်ဟန်အမူအရာဖြင့် စကားပြန်ဆိုခြင်း သို့မဟုတ် အခြား ဆက်သွယ်ရေး အထောက်အကူများကိုလည်း တောင်းဆိုနိုင်ပါသည်။ လက်ဟန်အမူအရာဘာသာစကားများသည် နိုင်ငံအလိုက် ကွဲပြားသည်။ အကယ်၍ သင် လက်ဟန်အမူအရာ ဘာသာစကားကို အသုံးပြုပါက သင့် ဝန်ဆောင်မှုပေးသူအား သင် အသုံးပြုသော လက်ဟန်အမူအရာ ဘာသာစကားအမျိုးအစားနှင့် ဆက်သွယ်ရာတွင် သင် ကြိုက်နှစ်သက်သည့် နည်းလမ်းကို ပြောပြပါ။
ဝန်ဆောင်မှုများနှင့် အထောက်အပံ့ ရှာဖွေခြင်း
ယခုမှအသစ်ရောက်လာသူအချို့သည် မသန်စွမ်းသူဆိုင်ရာ ဝန်ဆောင်မှုများနှင့် ထောက်ပံ့မှုများကို ချက်ချင်း မသိရှိကြပါ။ ထို့ကြောင့် သူတို့သည် နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေမည့် အကူအညီရရှိရန် အခွင့်အလမ်းများကို လက်လွတ်ရနိုင်သည်။
လိုအပ်ချက်အရ အောက်ပါတို့အတွက် အထောက်အပံ့ ရရှိနိုင်ပါသည်-
- ကျန်းမာရေးပြုစုစောင့်ရှောက်မှု
- သယ်ယူပို့ဆောင်ရေး
- အလုပ်အကိုင်ခန့်ထားခြင်း
- နေရာထိုင်ခင်း
- ငွေကြေးပိုင်းဆိုင်ရာ အကူအညီ
- အမှီအခိုကင်းစွာဖြင့် နေထိုင်ခွင့်
ဥပမာအားဖြင့် တချို့လူများသည် ချိန်းဆိုမှုတစ်ခု သို့မဟုတ် ရုံးသို့သွားရန်အတွက် အခက်အခဲဖြစ်နေလျှင် အဆင်ပြေစွာကူညီထောက်ပံ့မှုများ သို့မဟုတ် တခြားကူညီပံ့ပိုးမှုများ ရနိုင်ကြောင်းကို မသိကြပါ။
ဝန်ဆောင်မှုများ သို့မဟုတ် ဥပဒေရေးရာ ကာကွယ်မှုများရှိကြောင်း သင်သိပြီးသားဖြစ်သော်လည်း အကူအညီရှာဖွေရန်နှင့် စနစ်များလည်ပတ်ပုံကို နားလည်ရန်အတွက် ခက်ခဲနေဆဲ သို့မဟုတ် ရှုပ်ထွေးနေဆဲဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုရှိ အစီအစဉ်များနှင့် အဖွဲ့အစည်းများစွာသည် မသန်စွမ်းသူများကို ထောက်ပံ့ကြသည်။ သင်သည် အောက်ပါ နည်းလမ်းများမှ အကူအညီ ရယူနိုင်ပါသည်-
- ပြန်လည်အခြေချခြင်းအတွက် ကူညီပံ့ပိုးပေးသူများ
- လူအဖွဲ့အစည်းဆိုင်ရာ အဖွဲ့အစည်းများ
- ကျောင်းများ
- ကျန်းမာရေးပြုစုစောင့်ရှောက်ပေးသူများ
- မသန်စွမ်းမှုဆိုင်ရာ အားပေးထောက်ပံ့မှု အဖွဲ့အစည်းများ
- ဘာသာရေးအဖွဲ့အစည်းများ
- ဒေသဆိုင်ရာအစိုးရရုံးများ
- ဥပဒေရေးရာ အကူအညီပေးရေး အဖွဲ့အစည်းများ
သင်အနေဖြင့် မည်သို့စတင်ရမလဲမသိပါက ယုံကြည်စိတ်ချရသည့် ကျန်းမာရေးပြုစုစောင့်ရှောက်သူ၊ အမှုတွဲဝန်ထမ်း သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခုကို ကူညီလမ်းပြပေးရန် တောင်းဆိုပါ။ သင့်အနီးရှိ ကူညီပံ့ပိုးမှုများကိုရှာရန်နှင့် ဝန်ဆောင်မှုများကို တွေ့ရရန်အတွက် ADA.gov၊ Benefits.gov သို့မဟုတ် ILRU Centers for Independent Living directoryသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Switchboard သည် ဤဆောင်းပါး၏ အကြောင်းအရာနှင့် ပြန်လည်သုံးသပ်ခြင်းတွင် ပါဝင်ကူညီခဲ့သည်။
အရင်းအမြစ်များ
- အမေရိကန်မသန်စွမ်းသူများအခွင့်အရေးကာကွယ်ရေး အက်ဥပဒေ (ADA)- အမေရိကန်မသန်စွမ်းသူများသို့ မိတ်ဆက်ခြင်းဆိုင်ရာ အက်ဥပဒေ
- အသိုင်းအဝိုင်းအဖွဲ့အစည်းများနှင့် မသန်စွမ်းမှုဆိုင်ရာ အားပေးထောက်ပံ့မှု အရင်းအမြစ်များ
- Mustafa Rfat- မသန်စွမ်းသူများနှင့် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး သုတေသနနှင့် လမ်းညွှန်ချက်
- အမေရိကန်နိုင်ငံသားဖြစ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုများ (USCIS)- ပြည်သူများအတွက် မသန်စွမ်းမှုဆိုင်ရာ အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းများ
မသက်ဆိုင်ကြောင်းရှင်းလင်းချက်- ဤဝက်ဘ်ဆိုက်ရှိ အကြောင်းအရာများကို Settle In မှ ဖန်တီးထားပြီး ပြည်သူ့ပိုင်ဆိုင်မှုဖြစ်သောကြောင့် မူရင်းအတိုင်း မိတ္တူကူးယူနိုင်ပါသည်။ ဤဆောင်းပါးသည် အချက်အလက်ရယူရန်အတွက်သာ အထွေထွေ လမ်းညွှန်ချက်များ ပေးထားပါသည်။ သတ်မှတ်ထားသော မသန်စွမ်းသူဆိုင်ရာ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများသည် ပြည်နယ်နှင့် မြို့အလိုက် ကွဲပြားနိုင်သည်။
IRC သည် အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူ့မှုဝန်ဆောင်မှုဦးစီးဌာန၊ ကလေးများနှင့် မိသားစုများအတွက် အုပ်ချုပ်ရေးမှ ပံ့ပိုးငွေ (အကူအညီနံပါတ် 90RB0053) ကို အခြားအဖွဲ့များနှင့် ယှဉ်ပြိုင်ရရှိခဲ့သည်။ ဤစီမံကိန်းကို ဗဟိုအစိုးရရန်ပုံငွေဖြင့် ၁၀၀% ထောက်ပံ့ထားသည်။ ဤထဲရှိအကြောင်းအရာများသည် ဤအကြောင်းအရာဖန်တီးရေးသားသူများအပေါ်သာ တာဝန်ရှိပြီး အမေရိကန် ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုများဌာန၊ ကလေးများနှင့် မိသားစုများအတွက် အုပ်ချုပ်ရေးဌာနတို့၏ တရားဝင်အမြင်ရှု့ထောင့်များကို တင်ပြရန် မလိုအပ်ပါ။